Sunday, January 20, 2008

Lwin Bo Talk 01

ရှေးရိုးတောင်ကြားလမ်းကိုဖောက်ထွက်ခြင်း
(သို့မဟုတ်)

ဆက်ရန်ရှိသေးသည်



ကျွန်တော့်နာမည်က လွင်ဗိုလ် ဖြစ်ပါတယ်။ `ဆက်ရန်ရှိသေးသည်´ ဒီဗီဒီဇာတ်ကားကို ရိုက်ကူးဖြစ်ရခြင်း အကြောင်းကတော့ မြန်မာဇာတ်ကားတစ်ကားကို Visual Effect တွေ 3D Animation တွေနဲ့ တစ်ခန်းတနား ဖြစ်အောင်ဖန်တီးပြချင်တဲ့ရည်ရွယ်ချက်ကြောင့်ပါ။ အဲဒါကြောင့် ကိုနိုင်ဦး(လင်းမြတ်)နဲ့အတူ ဒီဇာတ်လမ်းကို စတင်ပြီး စဉ်းစားကတည်းက Animation ပြကွက်တွေအတွက်ကိုပဲ ဦးစားပေးပြီး ဇာတ်လမ်းဆင်ခဲ့ပါတယ်။ ဒီလိုနဲ့ ဇာတ်ဝင်ခန်းတိုင်းလိုလို Animation တွေလုပ်ဖို့ အနည်းနဲ့အများဆိုသလို ပါနေတယ်။ ဒီလိုဇာတ်ဝင်ခန်းတွေ ရိုက်ကူးတဲ့အခါမှာ သမရိုးကျရိုက်ရိုးရိုက်စဉ်အတိုင်း ရိုက်လို့မရတော့ဘဲ Animation ပြုလုပ်တဲ့အခါမှာ အဆင်ပြေနိုင်စေဖို့ လိုအပ်တဲ့ Camera Angle, Cropping နဲ့ Actor Movement တွေကအစ သေချာတွက်ချက်ပြီး ရိုက်ကူးခဲ့ပါတယ်။ အခုလို အဆင်ပြေပြေရိုက်ကူးနိုင်ဖို့အတွက် ကျွန်တော်နဲ့ ကိုနိုင်ဦး (လင်းမြတ်) ဟာ Preproduction ပိုင်းကို (၆)လကျော်ခန့် အချိန်ယူ ပြင်ဆင်ခဲ့ရပါတယ်။ အဲဒီလို Planning Shot လုပ်ပြီးဆွဲထားတဲ့ Story Board အတိုင်း ရိုက်ကွင်းပေါ်မှာ ရိုက်ခဲ့တာဖြစ်ပါတယ်။ ကိုနိုင်ဦး(လင်းမြတ်)က စကားပြောဇာတ်ဝင်ခန်းကို အဓိကရိုက်ကူးပြီး ကျွန်တော်ကတော့ Visual Effect ဇာတ်ဝင်ခန်းတွေကို အဓိက ရိုက်ကူးခဲ့ပါတယ်။ ကျွန်တော်တို့ဟာ ဦးမောင်(နောင်ထွန်းလွင်)ထံမှလည်း ရိုက်ကွင်းဆိုင်ရာ အကြံဥာဏ်ကောင်းများကို ရရှိခဲ့ပါတယ်။ ဒီလိုနဲ့ အခက်အခဲထွေထွေထူးထူးမရှိဘဲ ရိုက်ကူးရေးပိုင်း (Production) လုပ်ငန်းကို အောင်မြင်ခဲ့ပါတယ်။ Post Production လုပ်ငန်းပိုင်းကိုတော့ ကျွန်တော်တို့ဟာ အချိန်အတော်ယူပြီး ပြုလုပ်ရဦးမှာပါ။ နည်းပညာဆိုင်ရာ စိန်ခေါ်မှုတွေလည်း အများကြီးကြုံတွေ့ရနိုင်ပါတယ်။ သာမန်ဇာတ်ကားတွေကို အယ်ဒီတာ တစ်ယောက်ထဲကပြုလုပ်ရင် တစ်လအတွင်းပြီးနိုင်ပေမယ့် ကျွန်တော့်တို့ ဇာတ်ကားကိုတော့ ပညာရှင်ဆယ်ယောက်ခန့်ဝိုင်းဝန်းလုပ်ဆောင်မှာဖြစ်ပြီး လျှပ်စစ်မီးမှန်မယ်ဆိုရင်တောင် အနည်းဆုံးအချိန်ခြောက်လခန့်ကြာပါလိမ့်မယ်။ Editing ပိုင်းကို ကိုနိုင်ဦး(လင်းမြတ်) က တာဝန်ယူပြုလုပ်မှာပါ။ Visual Effect ပိုင်းကိုတော့ ကျွန်တော်က တာဝန်ယူပြုလုပ်မှာပါ။ 3D Animation တွေကို Cinema 4D, 3D Studio Max, Maya စတဲ့ Software ကြီးသုံးခုနဲ့ အဓိကဖန်တီးမှာဖြစ်ပါတယ်။ C4D သမားကို C4DMax ကျွမ်းကျင်သူကို MaxMaya အားသန်သူကို Maya နဲ့ ဆွဲစေမှာဖြစ်ပြီး အားလုံးပြီးမှ ပြန်ပေါင်းမှာပါ။ တခြား 3D Software တွေဖြစ်တဲ့ Poser, Vue, Body Studio, Maxwell Rander တို့ကိုလည်း လိုအပ်သလိုအသုံးပြုသွားရမှာ။ 2D Visual Effect အတွက်ကိုတော့ Adobe After Effect ကိုပဲအဓိကအသုံးပြုမှာဖြစ်ပါတယ်။ ဇာတ်ကားတစ်ကားမှာ New Media Technology ဖြင့်ဖန်တီးထားတဲ့ Presentation များပါဝင်မှုက ပရိတ်သတ်ကို ဘယ်လောက်ထိအာရုံဖမ်းစားပြီး ဆွဲဆောင်နိုင်သလဲဆိုတဲ့ မေးခွန်းကို `ဆက်ရန်ရှိသေးသည်´ ဒီဗီဒီဇာတ်ကားက တိတိကျကျ ဖြေဆိုနိုင်ပါလိမ့်မယ်။

လွင်ဗိုလ်

No comments: